Breaking News

မော်တော်ဆိုင်ကယ်တစ်စီးမှာ Shock Absorber က ဘယ်လောက်အရေးပါသလဲ အပိုင်း (၁) 

မော်တော်ဆိုင်ကယ်တစ်စီးမှာ Shock Absorber က ဘယ်လောက်အရေးပါသလဲ အပိုင်း (၁) 

အားလုံးသိတဲ့အတိုင်း မော်တော်ဆိုင်ကယ်တစ်စီးမှာ ကားတွေမှာလို Stabilizer တွေ မပါဝင်သလို Multi-link လို အထိုင်နဲ့ အကူစနစ်တွေလည်း မပါပါဘူး။ ဆိုင်ကယ်တစ်စီးမှာ သက်သောင့်သက်သာ လိုက်ပါစီးနင်းနိုင်ဖို့ ထည့်သွင်း တည်ဆောက်ထားတဲ့ အပိုင်းနှစ်ပိုင်းပဲ ပါရှိပြီးတော့ သူတို့ကတော့ ရှေ့ နဲ့နောက် ရှော့ဘားတွေ ဖြစ်ပါတယ်။ ဒီနေရာမှာ ရှော့ဘား ဆိုတာက လက်ရှိ တစ်နိုင်ငံလုံး အတိုင်းအတာမှာ သုံးနေတဲ့ အခေါ်အဝေါ် ဖြစ်ပြီးတော့ အင်္ဂလိပ်စာလုံးပေါင်း Shock Absorber ကနေ အသံထွက် ရှော့အပဇောဘာကို အသံထွက်ယူရင်းကနေ ပြောင်းလဲသုံးနှုန်း ဖြစ်သွားတဲ့ စကားလုံး ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ ဆိုင်ကယ်တစ်စီးမှာ ဘာကြောင့် အဲဒီ ရှော့ဘားတွေ ထည့်သွင်းထားရသလဲဆိုတာနဲ့ သူတို့ရဲ့ အသုံးဝင်ပုံတွေကို သိရင်တော့ အဆင်ပြေမယ် ထင်တာကြောင့် အခုတစ်ပတ်မှာ ကျွန်တော်က ဆိုင်ကယ် ရှော့ဘားတွေအကြောင်းကို ပြောချင်ပါတယ်။ ကောင်းပါပြီ၊ ကျွန်တော်တို့ ဆက်ကြည့်ရအောင်ပါ။ဆိုင်ကယ်တစ်စီးမှာ ရှော့ဘားတွေ ထည့်ထားရတဲ့ အကြောင်းကတော့ စက်ဘီးတွေထက် ပိုမို မြန်ဆန်ပြီး ပိုမိုတုန်ခါမှုများမယ့် ယာဉ်တစ်စီးပေါ်မှာ ခရီးသည် အနည်းဆုံး တစ်ယောက်ကနေ အများဆုံး သုံးယောက်ထိအောင် တင်ဆောင်စီးနင်းတဲ့ အခါတွေမှာ ဆိုင်ကယ်ကနေ လမ်းကြောင်းကြောင့် ဖြစ်စေ၊ အင်ဂျင်တုန်ခါမှုကြောင့် ဖြစ်စေ၊ ဖြစ်ပေါ်လာမယ့် ရိုက်ခတ်မှုတွေကို ဆိုင်ကယ် လိုက်ပါစီးနင်းသူတွေ တိုက်ရိုက်မခံစားရအောင်နဲ့ နောက်ပြီး ရိုက်ခတ်မှုကို ကြားခံတစ်ခုခုနဲ့ ဖြေလျော့စေပြီး ရိုက်ခတ်အား လျော့သွားအောင်၊ စီးနင်းရမှု ငြိမ့်ညောင်းအောင် ရည်ရွယ်ပြီးတော့ ရှော့ဘားစနစ်ကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။ဒီစနစ်မှာ အလွယ်ဆုံး ခွဲခြမ်းကြည့်မယ်ဆိုရင် အဓိက အပိုင်းနှစ်ပိုင်း ပါဝင်မှာ ဖြစ်ပြီးတော့ ရှေ့ ရှော့ဘားနဲ့ နောက်ရှော့ဘားစနစ် နှစ်ခုဖြစ်ပြီး အဲဒီစနစ် နှစ်ခုကပဲ အထက်မှာ ပြောခဲ့တဲ့လမ်းကြောင်းကြောင့်သော၊ အင်ဂျင်ကြောင့်သော တုန်ခါမှုတွေကို အချိုးကျကျ ခွဲဝေထမ်းဆောင်ပြီး ရိုက်ခတ်အား လျော့နည်းသွားအောင် လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ရှော့ဘား စနစ်တစ်ခုနဲ့ တစ်ခုရဲ့ တည်နေရာ မတူညီသလို တာဝန်ယူရတဲ့အပိုင်းကလည်း မတူပါဘူး။ အလွယ်တမ်း နားလည်အောင် ပြောရမယ် ဆိုရင်တော့ ရှေ့ရှော့ဘားက ရှေ့ဘက်ခြမ်းက ရိုက်ခတ်လာတဲ့ အားတွေကို လျော့ နည်းအောင် ဆောင်ရွက်ပေးတာ ဖြစ်ပြီးတော့ နောက်ရှော့ဘားကတော့ နောက်ဘက်ပိုင်းက ရိုက်အားတွေကို လျော့နည်းအောင် လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။ကောင်ပါပြီ၊ ဆိုင်ကယ်တစ်စီးရဲ့ ရှော့ဘားတွေရဲ့ ထည့်သွင်း တည်ဆောက်ထားရတဲ့ အကြောင်းနဲ့ သူတို့ရဲ့ တာဝန်တွေကို သိပြီဆိုရင် စနစ်တစ်ခုချင်းစီကို နည်းနည်းလောက် ထပ်ပြီး လေ့လာ ကြည့်ရအောင်ပါ။ ဆိုင်ကယ်တစ်စီးရဲ့ ရှော့ဘားမကောင်းဘူး၊ ကောင်းတယ်ဆိုတာက စမ်းသပ်ရလွယ်ကူတဲ့ လုပ်ဆောင်မှု တစ်ခုပါ။ ရှေ့ရှော့ဘားကို စမ်းသပ် ချင်တယ်ဆိုရင် ဆိုင်ကယ်ပေါ်ကို စမ်းသပ်မယ့် သူက တက်လိုက်ပြီး ဆိုင်ကယ်က လက်ကိုင်နှစ်ခုကို ကိုင်ထားလျက်အနေအထားနဲ့ ရင်ဘတ်ကလည်း ဆိုင်ကယ်ရဲ့ ခေါင်းပိုင်းနေရာကို အားပြုထောက်ထားရင်း ရှေ့ရှော့ဘား တည်ရှိတဲ့ ရှေ့ဘီးနေရာကို ဖိချရမှာ ဖြစ်ပြီးတော့ဒီနေရာမှာ ရှော့ဘားတစ်ခုကနေ ပြန်လည် တုံ့ပြန်မယ့် အခြေအနေ သုံးခုရှိတာ တွေ့ ရပါလိမ့်မယ်။

ဆက်လက် ဖော်ပြပါမည်

Credit to လင်းထက် (IA)

★ Myanmar IT&APP (နည်းပညာ) ★

Online ၀င်ငွေရှာချင်သူများအတွက် ဒီမှာပါ