MPTက ဖုန်းခေါ်ဆိုခကို တစ်မိနစ် အနည်းဆုံး ကျပ် ၂၀ မှ အများဆုံး ကျပ် ၅၀ အတွင်းသာ သတ်မှတ်ကောက်ခံရန် စီစဉ်နေပြီး အင်တာနက်အသုံးပြုခကိုလည်း လက်ရှိဈေးထက်မပိုသည့်နှုန်းဖြင့်သာ ကောက်ခံရန်စီစဉ်နေ
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မှ ပြည်တွင်းမိုဘိုင်းဖုန်းခေါ်ဆိုခနှုန်းထားများ ပြောင်းလဲသတ်မှတ်ရာတွင် ကနဦးသတင်းများအရ တစ်မိနစ်လျှင် အနည်းဆုံး ကျပ် ၂ဝ မှ အများဆုံး ကျပ် ၅ဝ အတွင်း၌သာ သတ်မှတ်ကောက်ခံရန် စီစဉ်နေကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီး
ဌာနမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။
MPT အနေဖြင့် ဈေးကွက်ယှဉ်ပြိုင်မှုအရ ပြည်တွင်းမိုဘိုင်းဖုန်းခေါ်ဆိုခများကို ပြောင်းလဲသတ်မှတ်ကောက်ခံရန် စီစဉ်နေခြင်းဖြစ်ပြီး လက်ရှိတွင် ပြည်တွင်းခေါ်ဆိုခမှာ နံနက် ၇ နာရီမှ ည ၁၁ နာရီအချိန်အတွင်း တစ်မိနစ် ကျပ် ၅ဝ ပုံသေနှုန်းဖြင့်လည်းကောင်း၊ သုံးစွဲမှုနည်းပါးသော ည ၁၁ နာရီမှ နံနက် ၇ နာရီကြားအချိန်၌သာ တစ်မိနစ် ၂၅ ကျပ်နှုန်းဖြင့်လည်းကောင်း သတ်မှတ်ကောက်ခံခြင်း ဖြစ်သည်။
ယခု ပြောင်းလဲကောက်ခံရန် စီစဉ်နေသည့် အနေအထားအရဆိုပါက မိုဘိုင်းဖုန်းအထွက်ခေါ်ဆိုခကို တစ်မိနစ်အနည်းဆုံး ကျပ် ၂ဝ မှ အများဆုံး ကျပ် ၅ဝ အတွင်းသာ သတ်မှတ်ကောက်ခံမည်ဖြစ်သည့်အတွက် ဖုန်းခေါ်ဆိုခမှာ လက်ရှိထက် ထပ်မံသက်သာမည်ဖြစ်ကြောင်း ကနဦးသတင်းများအရ သိရသည်။
ပြည်တွင်း ဖုန်းခေါ်ဆိုခအပြင် SMS ပေးပို့ခနှင့်အင်တာနက်အသုံးပြုခနှုန်းထား
များကိုလည်းပြောင်းလဲကောက်ခံရန်စီစဉ်
နေကြောင်းနှင့် လက်ရှိတွင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများထံ ခွင့်ပြုချက်တောင်းခံထားကြောင်း သိရသည်။
လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ SMS ပေးပို့ခအဖြစ် တစ်စောင်လျှင် ၂၅ ကျပ်နှုန်းဖြင့် ကောက်ခံနေခြင်းဖြစ်ကြောင်း၊ လက်ရှိတစ်စောင် ၂၅ ကျပ်အစား SMS တစ်စောင်လျှင် ၁ဝ ကျပ် မှ ၂၅ ကျပ်အတွင်းသာ ပြောင်းလဲသတ်မှတ်ကောက်ခံရန် စီစဉ်နေခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။အင်တာနက်အသုံးပြုခအနေဖြင့် လက်ရှိတွင် 2G အတွက် တစ်မိနစ် နှစ်ကျပ်၊ 3G အတွက် တစ်မိနစ် လေးကျပ်နှုန်းဖြင့် ကောက်ခံလျက်ရှိသည်။
အင်တာနက်အသုံးပြုခအား ပြောင်းလဲသတ်မှတ်ကောက်ခံရာတွင်မူ လက်ရှိကျင့်သုံးနေသည့် Time Base ဖြင့် ဆက်ကောက်မည်ဆိုပါက လက်ရှိဈေး 2G အတွက် တစ်မိနစ် နှစ်ကျပ်၊ 3G အတွက် တစ်မိနစ် လေးကျပ်နှုန်းထက် မပိုသော နှုန်းထားဖြင့်သာ သတ်မှတ်ကောက်ခံရန် စီစဉ်ထားခြင်းဖြစ်သည် ဟု သိရသည်။
အင်တာနက်အသုံးပြုခအား Volume Base ဖြင့် ပြောင်းလဲကောက်ခံရန် စီစဉ်နေကြောင်းကိုလည်း မြန်မာ့ဆက်သွယ်ရေးအသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။
အင်တာနက် အသုံးပြုခအပြင် လက်ရှိ အင်တာနက် ကနဦးတပ်ဆင်ခ ကျပ် ၁ဝဝဝဝ ကောက်ခံနေမှုကိုလည်း ပြင်ဆင်ပြောင်းလဲရန် စီစဉ်နေပြီးနောက်ပိုင်းတွင် အင်တာနက် ကနဦးတပ်ဆင်ခ ကျပ် ၁ဝဝဝဝ ကို လုံးဝ ကောက်ခံခြင်းမပြုတော့ဘဲ အခမဲ့တပ်ဆင်ခွင့်ပေးရန် စီစဉ်နေသည်ဟု သိရသည်။
အူရီဒူးမှ လက်ရှိ ကောက်ခံနေသည့်နှုန်းများမှာ ပြည်တွင်းဖုန်းခေါ်ဆိုခ အူရီဒူးဖုန်းအချင်းချင်းဆိုပါက တစ်မိနစ် ၂၅ ကျပ်၊ အခြားဖုန်းများသို့ခေါ်ဆိုပါက တစ်မိနစ် ၃၅ ကျပ် ကောက်ခံလျက်ရှိကြောင်း၊ SMS တစ်စောင်လျှင် ၂၅ ကျပ်နှုန်းဖြင့်ကောက်ခံနေပြီး အင်တာနက် အသုံးပြုခအဖြစ် 1MB လျှင် ၂၅ ကျပ် (Package ဈေးမဟုတ်ပါ) ကောက်ခံလျက်ရှိသည်။
Ref & Credit: Eleven Media Group